ရေးမြို့နယ်၌ မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံမှ အသက်(၁၈)နှစ်အောက် ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လူရွေးချယ်ပွဲပြုလုပ်

ရေး ဒီဇင်ဘာ ၈

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ်ပညာရေးဌာနက မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများ လူရွေးချယ်ပွဲကို ရေးမြို့မအား ကစားကွင်းနှင့် မြို့နယ်အားကစားရုံ၌ ယနေ့နံနက် ၆:၃၀ နာရီချိန်က စတင်ပြုလုပ်ခဲ့သည်။

ကျောင်းသားအားကစားပွဲတော်တွင်ပါဝင်ရန် လူရွေးချယ်ခြင်းကို မြို့နယ်ပညာရေးမှူးဦးမင်းဌေးဦးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ ကာယဆရာဆရာမများက အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ကျားပိုက်ကျော်ခြင်း၊ ကျား/မဘောလီဘောပြိုင်ပွဲ၊ ကျား/မပြေးခုန်ပစ်ပြိုင်ပွဲများကျင်းပ၍ အားကစားစည်းကမ်းချက်များနှင့်အညီ စိစစ်ရွေးချယ်ခဲ့ကြသည်။ အဆိုပါလူရွေးချယ်ပွဲကို(၂)ရက် ကြာပြုလုပ်မည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ရွေးချယ်ခံရသူများသည် ပြည်နယ်သို့ မြို့နယ်ကိုယ်စားပြု ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)