ပေါင်းတည် ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် စျေးသူ စျေးသားများ ပူးပေါင်းကာ မီးငြှိမ်းသတ်ခြင်း သရုပ်ပြသမှုများကို မြို့မစျေးနှင့် ရွှေတည်စျေးတို့တွင် ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့် ဝန်ထမ်းများ၊ စျေးအကျိုးတော်ဆောင်များ၊ စျေးသူစျေးသားပြည်သူများက ကြည့်ရှုအားပေးခဲ့သည်။
ယင်းသို့ သရုပ်ပြသရာ၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးစည်သူဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များမှရေပိုက်များဖြင့် မီးငြှိမ်းသတ်နည်း အမျိုးမျိုး၊ မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြသခဲ့ပြီး စည်ပင်ဝန်ထမ်းများနှင့် စျေးသူစျေးသားပြည်သူများကိုလည်းလက်တွေ့ အသုံးပြုတတ်စေရန် မီးသတ်ဆေးဗူးဖြင့် အစမ်းလေ့ကျင့်သရုပ်ပြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် စျေးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မီးလောင်မှုမဖြစ်ပွားစေရေး အမြဲသတိပြုကြရန် စျေးသူစျေးသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက် )