ပွင့်ဖြူ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန် အတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ် သိန်း(၄၀)၊ စုစုပေါင်းငွေကျပ် သိန်း (၁၄၀)ဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၆၀၀ အား ကျေးရွာနေပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် ယခုလ (၅)ရက်နေ့ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုး၍ အနီးကပ်ကြီးကြပ်ပြီး ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ တာဝန်ယူ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ၃၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယင်း ကျေးရွာတွင်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိအိမ်ခြေ ၆၃၄ အိမ်၊ လူဦးရေ ၃၉၂၀ ဦးအတွက် ရာသီမရွေးအဆင်ပြေစွာသွားလာနိုင်မည့်အပြင် လယ်ယာသီးနှံထွက်ကုန်များကိုလည်း လွယ်လင့်တကူ သယ်ယူပို့ဆောင် သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကျေးရွာနေပြည်သူများအတွက် လုပ်အားခဝင်ငွေရရှိခြင်း၊ ကျေးရွာအတွက် လိုအပ်သော အခြေခံအဆောက်အဦကိုလည်း ဖြည့်ဆည်းပေးနိုင်၍ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက်များစွာ အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)