လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အားကစားပစ္စည်းထောက်ပံ့ပေးခြင်းများ ဆောင်ရွက်

ကြို့ပင်ကောက် ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများသည် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အားကစားပစ္စည်းထောက်ပံပေးအပ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက အထကကျွန်းကုန်းကြီးကျောင်းနှင့် အထက(ခွဲ)ရှားပင်ထကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားဦးစီးမှူးဦးမြင့်နိုင်က အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့အကျိုးပြုသားကောင်းရတနာများဖြစ်ပေါ်လာစေရေးတို့အတွက် အားကစားစိတ်ဓါတ်နှင့်အတူ ကာယအင်အား၊ ဉာဏ်ရည်တို့ပူးပေါင်း၍ နေ့စဉ်နေထိုင်သွားလာတတ်စေရန်နှင့် အမြဲတမ်းလေ့လာလိုက်စားရမည့် အားကစားအမျိုးအစားများအကြောင်းတို့ကို အသိပညာပေးဟောပြောပြီး အားကစားပညာရှင်များက အားကစားနည်းများကို သရုပ်ပြကစားခဲ့ကြသည်။

ထို့နောက် အထကကျွန်းကုန်းကြီးကျောင်းနှင့် အထက(ခွဲ)ရှားပင်ထကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအုပ်ဆရာကြီးများထံ ဖူဆယ်ဘောလုံးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)