ကဝ ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စည်ပင်သာယာစျေးအတွင်း ရောင်းချလျက်ရှိသော အသား၊ ငါးနှင့် အသီးအနှံများ၊ စားသုံးဆီများရောင်းချရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် ယနေ့ နံနက် (၈:၃၀)နာရီက စစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသန်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက အစားအသောက်သုံးခွင့်မပြုသည့် ဆိုးဆေးများ၊ ဓာတုဆိုးဆေးနှင့် သဘာဝဆိုးဆေးတို့၏ အန္တရာယ်များအကြောင်း၊ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသည့် အစားအသောက်သုံးစွဲခွင့်ပြုသည့် ဆိုးဆေးနှင့် သုံးစွဲခွင့်မပြုသည့် ဆိုးဆေးများအကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် အစားအသောက်များ စားသုံးရာတွင် သတိပြုရမည့် အချက်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)