ကျောက်ကြီး ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စည်ပင်သာရေးအဖွဲ့ပိုင် မြို့မစျေး၌ စျေးသူ၊ စျေးသားများ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်သတိ မီးဘေးအသိရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံညွှန်ကြားမှုဖြင့် စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မစျေး ကော်မတီဝင်များနှင့် စျေးသူ စျေးသားများ တက်ရောက်ကြည့်ရှု လေ့လာကြပြီး၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့မစျေး၌ စျေးရောင်းချနေသော စျေးသူ၊ စျေးသားများအား မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးနှင့် လောင်ကျွမ်းမီးငြှိမ်းသတ်ပုံ၊ ဆီမီးလောင်ကျွမ်းမှုကို မီးငြိမ်းသတ်ပုံများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးခွန်ဆန်းမင်းထွန်းက မြို့မ စျေးသူ၊ စျေးသားများနှင့် မိမိဝန်ထမ်းများ မီးဘေးကြိုတင် ကာကွယ်ရေးအသိ၊ သတိရှိစေရန်နှင့် စျေးသူ၊ စျေးသားများ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင် နိုင်စေရန် ယခုလို မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲပြုလုပ် ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ မီးငြှိမ်းသတ်မော်တော်ယာဉ်များဖြင့် သရုပ်ပြ မီးငြှိမ်းသတ်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်