ပေါက်ခေါင်းမြို့ မြို့မစာကြည့်တိုက် (၁၇)နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးကျင်းပ

ပေါက်ခေါင်း ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့  မြို့မစာကြည့်တိုက်(၁၇)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ စာကြည့်တိုက်တွင်ကျင်းပခဲ့ရာ မြို့မစာကြည့်တိုက်ကော်မတီနာယကများ၊ ကြီးကြပ်မှုကော်မတီများနှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။

အစည်းအဝေးတွင်ဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသက်ဝေက မြို့မစာကြည့်တိုက် စတင်တည်ထောင်ဖွင့်လှစ်သည့် (၁၇)နှစ်မြောက် နှစ်ပတ်လည် အ‌စည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါများကြောင့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲများ ဆောင်ရွက်နိုင်ခြင်း မရှိသည်မှာ(၃)နှစ်ရှိပြီ ဖြစ်ကြောင်း၊ လာမည့်နှစ်များတွင် စည်းကားစွာ ကျင်းပမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဝန်ထမ်းခန့်ထားရေးတို့နှင့် (၁၄)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနား ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းခဲ့သည်။

အဆိုပါ မြို့မစာကြည့်တိုက်ကို ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်အတွင်းရှိ စာတတ်သူတိုင်း စာဖတ်နိုင်ရေး၊ စာပေဗဟုသုတများ တိုးပွါးရရှိရေးနှင့် သုတသိမှပညာသိ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ စာကြည့်တိုက်တွင် သုတ၊ရသ စာအုပ်ပေါင်း(၃၀၀၀)ကျော်နှင့် နေ့စဉ်ထုတ်သတင်းစာများနှင့် ဂျာနယ်များလည်း ပြည်သူများအလွယ်တကူ ဖတ်ရှုနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)