နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် ပင်စင်စားများအား နေ့အလိုက်ထုတ်ပေး

နတ်မောက်    စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်း ချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယနေ့နံနက် (၇) နာရီမှ စတင်၍ လူစုလူဝေး မဖြစ်ပေါ် စေရေး ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင် လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက်   စနစ်တကျ ရှိစေရန် သုံးပေအကွာ စည်းများပြုလုပ်‌ပေးထားခြင်း၊ လက်ဆေး ဘေစင်များ ပြုလုပ်ထားခြင်း၊ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင် ရွက်ခဲ့သည်။

အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် စက်တင်ဘာ ၂၁ ရက် နေ့မှ   ၂၉  ရက် နေ့အထိနတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား‌ နေ့စဉ်နံနက် ၇  နာရီမှ ညနေ ၃ နာရီအထိထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ် ရက်များ တွင်  လာရောက်ထုတ်ယူခြင်း မရှိသော အငြိမ်း စားများအား  အောက်တိုဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ပင်စင်များကို ထုတ်ပေး မည်ဖြစ်ပြီး၊ နတ်မောက်မြို့နယ်တွင် မြန်မာ့ စီးပွား ရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၂၀၀၀) ဦးခန့်ရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်မြင့်မြင့်ဦးထံမှ သိရသည်။

ဖြိုးအိအိဇော်(နတ်မောက်)