ကရသူရိ ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ တံငါလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံအများစုသည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လျက်ရှိပြီး ရေနေသတ္တဝါများ ယခင်ကထက်ရှားပါးလာ၍ ရှာဖွေသူများအနေဖြင့် တွက်ခြေမကိုက်ဖြစ်နေကြောင်းသိရသည်။
“ကျွန်တော်တို့ ဒေသအခေါ်ကတော့ ပကန်းပေါ့။ အရင်တုန်းက ပကန်း (ကင်းပုစွန်) အရှင် (1Kg) တစ်ကီလိုကို (၈၀၀၀၀) ကျပ်ဝန်းကျင်အထိရရှိပြီး ခုနောက်ပိုင်း အဝယ်ဒိုင်တွေက (၅၀၀၀၀) ကျပ်ဝန်းကျင်နဲ့ဘဲဝယ်နေတော့ ဈေးကထက်ဝက်နီးပါးကျဆင်းသွားတာ။ ကုန်ကျစရိတ်တွေ ပြန်နုတ်ရင် လုံးဝမကိုက်တော့ဘူး” ဟု ပကန်းရှာဖွေသူ တစ်ဦးကဆိုသည်။ “ဟုတ်တယ်ဗျ ပကန်းဈေးက ကျလာတော့ ရှာဖွေသူတွေရော့ ကျွန်တော်တို့ အဝယ်ဒိုင် အနေနဲ့ရော အဆင်မပြေကြပါဘူး။ ကျွန်တော်တို့က ဝယ်ယူပြီး ဈေးကွက်ဆီမပို့ခင်အထိ ကန်ထဲမှာ စနစ်တကျမွေးထားရတယ်။ ဒီကြားထဲ သေဆုံးတာတွေရှိလို့ ဆုံးရှုံးရသလို ဈေးမကောင်းလို့ ဈေးကွက်မပို့နိုင်ဘဲ သောင်တင်နေတာလည်းရှိတော့ ပကန်း (ကင်းပုစွန်) လုပ်ငန်းက အရင်ကလိုတွက်ခြေမကိုက်တော့ဘူး” ဟု ကျေးရွာ အဝယ်ဒိုင်တစ်ဦးကပြောသည်။
အဆိုပါ ပကန်း(ခေါ်) ကင်းပုစွန်ကို ဒေသခံရေလုပ်သားအများစုက ကင်းပုစွန်များ ပေါက်ဖွားသည့် ရွှံ့နွံတောများတွင် ပိုက်ဖြင့်သော်လည်းကောင်း၊ လက်နဲ့နှိုက်၍သော် လည်းကောင်း ဖမ်းဆီးလေ့ရှိကြောင်းနှင့် အဝယ်ဒိုင်များက ကော့သောင်းမြို့သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
ကရသူရိ (ပြန်/ဆက်)