ငဖဲမြို့တွင် အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ငဖဲ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်မှု အထောက်အကူဖြစ်စေရန်နှင့် သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပဒါန်းတပ်နယ်မှ အခြေခံစားကုန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် တတိယအကြိမ် ရောင်းချပေးခြင်းကို  ယနေ့နံနက် ၈ နာရီ အချိန်က ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ မကျီးပင်လမ်းဆုံနေရာတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပဒါန်းတပ်နယ် အမှတ်(၃၇၅) အမြှောက်တပ်ရင်းမှ ဗိုလ်မှူးအောင်ကိုကိုလွင် ဦးစီးသော တပ်မတော်သားများက အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရာတွင်  မနောသုခဆန်တစ်ပြည်လျှင် ငွေကျပ် ၁၈၀၀၊ ဆီ ၅၀ ကျပ်သားလျှင် ငွေကျပ် ၃၀၀၀၊ ကြက်ဥ ၆ လုံးလျှင် ငွေကျပ် ၁၀၀၀၊ တပ်မတော် စက်ရုံထုတ်ဆီသွပ်ဗူးများဖြစ်သည့် ငပိကြော်ဘူးတစ်ဘူးလျှင် ငွေကျပ် ၁၅၀၀၊ ဆီသွပ်ဘူး တစ်ဘူးလျှင် ငွေကျပ် ၂၅၀၀ မှ ၆၃၀၀ ကျပ်နှုန်း၊ ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာ ဝယ်ယူစားသုံးသူများပြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချပေးရာသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်မှု အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်များကို ပဒါန်းတပ်နယ်မှ  ပဒါန်းကျေးရွာနှင့် ငဖဲမြို့တို့တွင် အကြိမ်ကြိမ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)