ကံမ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိ စာရင်းများအား မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးပေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ စာရင်းကောက်အဖွဲ့တွင်ပါဝင်သည့် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဝင်းက မြေပြင်တိုက်ဆိုင် စစ်ဆေးမည့်လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)