ချောင်းဦး ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ကျေးလက်နေတောင်သူများ ယခုနှစ် ဆောင်းရာသီတွင် ကြက်သွန်နီ စျေးကောင်းရရှိနေသဖြင့် တနိုင်တပိုင် ပိုမိုစိုက်ပျိုး လာကြကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှလည်း စိုက်ပျိုးနေသည့် တောင်သူများ အထွက်နှုန်း တိုးတက်စေရေး စိုက်စရိတ် သက်သာစေရေးအတွက် ရေကိုချွေတာသုံးစွဲနိုင်သည့် ရေဖြန်းစနစ်ဖြင့် ရေလောင်းသည့် နည်းပညာများကို တောင်သူများအား ပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သဘာဝပတ်ဝန်းကျင် သန့်ရှင်းပြီး စားသုံးသူများ အန္တရာယ်ကင်း အဟာရပြည့်ဝစေရေးအတွက် ဓာတုဆေးဝါးများ လျော့ချသုံးစွဲနိုင်စေရေး သဘာဝပိုးတားဆေး ဖော်စပ်သုံးစွဲနည်းနှင့် သဘာဝမြေသြဇာ မြေဆွေးပြုလုပ်နည်းစနစ်များ သုံးစွဲနည်းများ ပညာပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် နွယ်ခွေ၊ ပဲပြစ်တော၊ ဘူတာ၊ ရန်အောင်မြေ၊ ချောင်းဦးတောင်၊ ချောင်းဦးမြောက်၊ မှန်ချို၊ ငါးလုံးတင်၊ မကျီးခွ၊ သုံးပန်လှ၊ ကျီကုန်း စသည့်ကျေးရွာများရှိ တောင်သူများ တပိုင်တနိုင် စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်များထက် ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရပါသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)