နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံဆွေးနွေး

အုတ်တွင်း ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့်နွေစပါး၊ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွေစပါး၊ ပဲတီစိမ်းစိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြက်တက်ညောင်ပင်နှင့် ကြွယ်ဂံကျေးရွာများသို့သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် နွေစပါးစိုက်ပျိုးသည့် တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် ၂၀၀၀၀၀ နှုန်း၊ ပဲတီစိမ်းစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် ၁၂၀၀၀၀ နှုန်း ဖြင့် လိုအပ်လျက်ရှိသော သွင်းအားစုများဖြစ်သည့် မြေသြဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစပါးရရှိစေရေး ထောက်ပံ့ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုတန်ဖိုးနှင့် ညီမျှသော စပါးများအားတောင်သူများက ဒေသကာလပေါက်စျေးအတိုင်းပြန်လည် ရောင်းချပေးဆပ်စေခြင်းနှင့် ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူစိတ်ကြိုက်သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး မြေပြင်ကွင်းဆင်း၍ စနစ်တကျစာရင်း ကောက်ယူထားနိုင်ရေး၊ ကျေးရွာအလိုက်တောင်သူ အစုအဖွဲ့များဖွဲ့စည်း၍ ထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး‌အောင်ဆန်းဦးက ကန်ထရိုက် လယ်စနစ်၊ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ သွင်းအားစုအပေါ် စနစ်တကျဖြစ်စေရေးအတွက်လည်းကောင်း၊ ဆည်မြောင်းဦးစီးဌာနမှ ဆည်ရေမှတစ်ဆင့် စိုက်ပျိုးရေ ရရှိစေရေးအတွက် လည်းကောင်း၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဟိန်းက ယခုစီမံကိန်းအတွက် စက်ကိရိယာများလိုအပ်လာပါက လုပ်ငန်းအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ငှားရမ်းအသုံးပြုနိုင်ရေး အတွက်လည်းကောင်းရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်‌ရောက်လာကြသည့် ကြက်တက်‌ညောင်ပင်နှင့် ကြွယ်ဂံကျေးရွာ နေတောင်သူများက သိရှိလိုသည့်အကြောင်းအရာများနှင့် တင်ပြလိုသည်များကို ဌာနဆိုင်ရာများအား မေးမြန်းတင်ပြကြရာသက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း‌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)