မြိတ်မြို့တွင် ဆီအုန်းမျိုးစပ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း ရက်တိုသင်တန်းဖွင့်

မြိတ်  ဒီဇင်ဘာ  ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရွှေဒူးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မြိတ်)မှ ကြီးမှူး၍ ဆီအုန်းမျိုးစပ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း ရက်တိုသင်တန်းကို   ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို ဆီအုန်းမျိုးစပ်ခြင်းနှင့် မျိုးစေ့အစို့ဖောက်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဝန်ထမ်းများပိုမို သိရှိနားလည်တတ်ကျွမ်းစေရန်နှင့် ကုမ္ပဏီများ၊ ပုဂ္ဂလိကခြံရှင်များမှ ဆီအုန်းစိုက်ပျိုးဧရိယာ တိုးချဲ့စိုက်ပျိုးရာ၌ ပြည်တွင်း မျိုးများဖြင့်စိုက်ပျိုးနိုင်ရန်၊ နည်းစနစ်မှန်ကန်စွာ ဆီအုန်းမျိုးစပ် အစို့ဖောက်ထားခြင်းဖြစ်သည့်အပြင် ဒေသရေမြေရာသီဉတုနှင့်ကိုက်ညီသော ဆီအုန်းမျိုးများဖြစ်၍ စိတ်ချယုံကြည်စွာဖြင့် စိုက်ပျိုးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရ သည်။

သင်တန်းတွင် ဆီအုန်းသမိုင်းကြောင်း၊ ဆီအုန်း၏ရုက္ခဗေဒလက္ခဏာများ၊ ဆီအုန်းမျိုးစပ်ထုတ်လုပ်ခြင်း၊ မျိုးစပ်ခြင်း၊ ဆီအုန်းပျိုးခင်းတည်ထောင်ခြင်း၊ ဆီအုန်းပင်အစာအဟာရဓာတ်လိုအပ်ချက်နှင့် ရယူစားသုံးမှု စသည့် ဘာသာရပ်များကို စာတွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး စိုက်ကွင်းလေ့လာခြင်း၊ စိုက်ကွင်းအတွင်းလက်တွေ့ဆောင်ရွက်ခြင်းများကို ဒီဇင်ဘာ(၇)ရက်မှ (၉) ရက်အထိ စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးနှင့်နည်းပြများက စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က အမှာစကားပြောကြား၍ဖွင့်လှစ်ပေးပြီး နှစ်ရှည်ပင်များသုတေ သနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်) တာဝန်ခံ ဒေါ်ဌေးဌေးမြင့်က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး သင် တန်းစတင်ခဲ့သည်။ သင်တန်းကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနတိုင်း/ ခရိုင်/ မြို့နယ်နှင့် နှစ်ရှည်ပင်များသုတေ သနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန (မြိတ်)တို့မှ ဝန်ထမ်း (၂၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)