ရှမ်းရွာသစ်မြို့တွင် ဒေသထွက်ကွမ်းသီးများပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ်   ဒီဇင်ဘာ   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်မြို့ဖြစ်ပြီး ဒေသနေပြည်သူအများစုမှာ တစ်ပိုင်တစ်နိုင်ဉယျာဉ်ခြံမြေလုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက်ကွမ်းသီးအခြောက်များ ပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

ကွမ်းသီးစိုက်ပျိုးသည့် ဒေသနေပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအတွက် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့်အချိန်မှစကာ အပင်သက်တမ်း (၆)နှစ်ကျော် (၇)နှစ်တွင်စတင်အပွင့်များထွက်ပြီး အသီးများသီးကာ အသီးရင့်မှည့်သည့် အောက်တိုဘာလမှ ဒီဇင်ဘာလတွင် ခူးယူလျက်ရှိကြောင်း၊ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီး များကို ခူးယူလေ့ရှိပြီး ယခင်နှစ်တွင် ကွမ်းသီးအခြောက်အလုံး(၁၀၀)ပေါက်ဈေး (၆၀၀၀)ခန့်ရရှိကြောင်း၊ ယခုနှစ်တွင်ကွမ်းသီးများ ယခင်နှစ်ထက်ပိုမိုထွက်ရှိသဖြင့် ကွမ်းသီးခြောက်အလုံး (၁၀၀)လျှင် ငွေကျပ်(၃၀၀၀)ခန့်သာရရှိသဖြင့် ဈေးနှုန်းများ တစ်ဝက်ခန့်ကျဆင်းသွားကြောင်း ကွမ်း သီးစိုက် ပျိုးသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉)အုပ်စုရှိရာ နှစ်စဉ်ဒေသနေပြည်သူများသည် မိမိတို့၏အိမ်ခြံဝင်းများနှင့် တောတောင်များတွင် တစ်ပိုင်တစ်နိုင်ကွမ်းသီးခူးယူရောင်းချသည့် လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိပြီး ယခုအချိန်သည် ကွမ်းသီးဆွတ်ခူးရောင်းချသည့်အချိန်ဖြစ်၍ မိသားစု အပိုဝင်ငွေများရရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)