မုံရွာခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် အမျိုးသားအဆင့် စံလုပ်ငန်းများအား သိရှိဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေး

မုံရွာ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အနေဖြင့် အမျိုးသားအဆင့် စံလုပ်ငန်းများအားသိရှိ ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများအပါအဝင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများ အချိတ်အဆက်မိမိ ဆောင်‌ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့ညနေပိုင်းက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ   အစည်းအဝေးတွင် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး က လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းများအပါအဝင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများအားလုံးကို  ကော်မတီအဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ နေရာဒေသရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိမိခရိုင်အတွင်းက ကော်မတီဝင်များ၊ အချိတ်အဆက်မိမိဆောင်‌ရွက်ကြရန်၊ လူကုန်ကူးမှုဖြစ်စဉ်များအပေါ် လေ့လာသုံးသပ်၍ ထိုကဲ့သို့သော ဖြစဉ်များကို ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်သကဲ့သို့ လူကုန်ကူးခံရသူများရှိခဲ့ပါက  ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းတာဝန်ထမ်းဆောင်နိုင်ရေး ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် မုံရွာခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင်များက ခရိုင်အတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်မှုများနှင့် လူကုန်ကူးခြင်းခံရသောသူများ ရှာဖွေဖော်ထုတ်အရေးယူနိုင်မှု၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှုနှင့်  ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ အပေါ် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး နည်းလမ်းများနှင့် လက်ရှိအခြေအနေတို့ကို တစ်ဦးချင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မုံရွာခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အားလုံးတက်ရောက်ခဲ့ကြပြီး မုံရွာခရိုင်အတွင်း ၂၀၂၀ ခုနှစ် လူကုန်ကူးခံရမှုကြောင့် ဖမ်းဆီးအရေးယူမှု တစ်ကြိမ်ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်တွင်မရှိကြောင်း၊ လူကုန်ကူးခြင်းသည် ကြီးမားသောဘေးအန္တရာယ်ဖြစ်သည့်အတွက် အားလုံးပူးပေါင်းကာကွယ်ကြဖို့ လိုအပ်ကြောင်း မုံရွာခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)