အင်္ဂပူ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အင်္ဂပူမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ရွေးကောက်ပွဲ ကာလအတွင်း ပါတီအဖွဲ့များ အငြင်းပွားမှု ဖြစ်ပွားလာပါကအချိန်တိုအတွင်း စေ့စပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ဖွဲ့စည်းခြင်းဖြစ်ကြောင်းနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးညွန့်ရွှေက ရွေးကောက်ပွဲအောင်မြင်စေရန် အငြင်းပွားမှု ပြဿနာများကို ကော်မတီဝင်များမှ ဝိုင်းဝန်းဖြေရှင်းပေးနိုင်ရေး ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်ချက်များ အား အပြန်အလှန်ဆွေး နွေးခဲ့ကြသည်။
အဆိုပါ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ(၅)ခုနှင့် တစ်သီးပုဂ္ဂလမှ ပါတီကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)