နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံ

ကြို့ပင်ကောက် ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများ၏ နွေစပါးစိုက်ပျိုးရေး လုပ်ငန်းများတွင် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများမရှိဘဲ အထွက်နှုန်းတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် တွေ့ဆုံ ဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ခေါင်းဆောင်သောအဖွဲ့မှ ကြို့ပင်စခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကွင်းဆင်းအဖွဲ့မှ နွေစပါးစိုက်တောင်သူများအား တစ်ဧကအတွက် နိုင်ငံတော်မှထောက်ပံ့ပေးမည့် အစီအစဉ်များ တောင်သူများမှစပါးပေါ်ချိန် ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြရာ တောင်သူများ၏ တင်ပြသောစိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများအား  သက်ဆိုင်ရာအကြီးအကဲများထံ ပြန်လည်တင်ပြပေးနိုင်ရန် စီစဉ်ထားကြောင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

အဆိုပါ ကြို့ပင်စခမ်းကျေးရွာအုပ်စုတွင် တောင်သူ ၁၅၇ ဦးမှ လယ်ဧက ၅၈၀ တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ကဏ္ဍအစီအစဉ်ဖြင့် နွေစပါး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ကွင်းဆင်းအဖွဲ့ ခေါင်းဆောင်ထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)