ရွှေကျင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ

ရွှေကျင် ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်း(တပ်နယ်) ကျောင်းတွင် လူငယ်များ အသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်း (တပ်နယ်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင် ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်၊ တွဲဖက်ဦးဆောင် ဆွေးနွေးသူ အဖြစ် အခြေခံပညာအထက်တန်း(တပ်နယ်) ကျောင်းမှ ဆရာမများက ဆွေးနွေးရာ Grade(11)နှင့် Grade(10) ကျောင်းသား/ ကျောင်းသူ များဖြစ်သည့် မောင်ဟိန်းထက်အောင် ခေါင်းဆောင်သည့် အဖွဲ့တွင် လူငယ်နှင့်အနာဂတ်၊ မောင်အောင်ခန့်ပိုင် ခေါင်းဆောင်သည့် အဖွဲ့တွင် လူငယ်နှင့်ပညာရေး၊ မောင်ရဲမြတ်အောင် ခေါင်းဆောင်သည့်အဖွဲ့တွင် လူငယ်နှင့်မူးယစ်ဆေးဝါး၊ မောင်ကောင်းခန့်ပိုင် ခေါင်းဆောင်သည့် အဖွဲ့တွင် လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးအစရှိသည့် အကြောင်းအရာများအား ဆွေးနွေး သွားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာအထက်တန်း (တပ်နယ်) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစား‌ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)