လွိုင်ကော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် သင်္ချာနှင့်အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ

လွိုင်ကော်      ဒီဇင်ဘာ   ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် သင်္ချာနှင့်အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမဆောင်နှင့် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။

စွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မူလတန်းအဆင့်သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ပြည်နယ်ပညာရေးမှူးရုံးပညာ့ဗိမာန်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး စုစုပေါင်း(၃၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်၊ ဒုတိယညွှန်ကြားရေးမှူးဦးဖိုးလုံး၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်နိုင်နိုင်ဝင်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျှက်ရှိပြီး နံနက်ပိုင်းတွင် ရေးဖြေနှင့်နေ့လယ်ပိုင်းတွင် လူတွေ့နှုတ်ဖြေစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)