စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

စေတုတ္တရာ    စက်တင်ဘာ   ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနနှင့်  မြို့နယ်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိမိတို့နေအိမ် အတွင်း၌သာ (Stay at Home) နေထိုင်ကြရန်  မလိုအပ်ဘဲအပြင်သို့ လုံးဝမထွက်ကြရန်နှင့် မဖြစ်မနေထွက် ရပါကလည်း နှာခေါင်း စည်းများ တပ်ဆင်ပြီးမှသာ အပြင်သို့ထွက်ခွာကြရန်၊ ကိုယ်အပူချိန်တက်ခြင်း၊ ဖျားနာခြင်း၊ ရက်ရှည်ချောင်း ဆိုးခြင်း၊ အသက်ရှုမွန်းကြပ်ခြင်း စသည့် လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ ဆေးစစ်မှုခံယူကြရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်ကျော်၊ မြို့နယ်ကျော် ခရီးသွားများ ရောက်ရှိလာပါက အနီးစပ်ဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနသို့ သတင်းပေးပို့ကြရန်နှင့် ထွက်ခွာလာသည့် အရပ်ဒေသအား မမှန်မကန်ပြောဆိုပါက  တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ် ရေးဆိုင်ရာ ထုတ်ပြန်ချက် များကိုလည်း တိကျစွာလိုက်နာဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့ စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)