လက်ပံတန်းမြို၌ စာပေချစ်သူများ အသင်းဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်

လက်ပံတန်း ဒီဇင်ဘာ ၈

စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို စာပေချစ်သူအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့် ရရှိစေရန်ရည်ရွယ်၍ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ် စာပေချစ်သူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာ မြင့်သိန်း(ရွှေတောင်-ချည်/ထည်/ချော)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များနှင့် ဆရာ/ဆရာမများက ဆရာ ရဝေနွယ်(အင်းမ)၏ “အတွေးများနှင့်မိတ်ဖွဲ့ခြင်း” စာအုပ်ပါ “ဗင်ဂိုးရဲ့နားရွက်နှင့် သုဘာထေရီရဲ့မျက်လုံး”၊ “လူတော်နှင့်လူကောင်း”၊ “လူငယ်နှင့်ဝိပဿနာ၊” “ကံကိုပြင်လိုက်ပါ”၊ “အကုသိုလ်ပယ်နည်း(၁)”၊ “အကုသိုလ်ပယ်နည်း(၂)”၊ “မနေရလို့သေကြတဲ့အခါ”၊ “ကမ္မသတ္တိလေးတွေ”၊ “တို့တတွေပြန်ဆုံကြတဲ့အခါ”၊ “တစ်ယောက်တည်းတည့်အောင်နေ” စသည့် ဆောင်းပါးခေါင်းစဉ်များကို တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး၊ အဆိုပါ စာဖတ်ဝိုင်းကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာ အသုံးပြု၍ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတပြန့်ပွားရေး၊ စာပေဖတ်ရှုမျှဝေ ဆွေးနွေးနိုင်ရေးအတွက် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးမင်းထွန်း (ပြန်/ဆက်)