ရေတာရှည် ဒီဇင်ဘာ ၈
ရေတာရှည်တပ်နယ်မှ အရာရှိစစ်သည်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ လစဉ် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ မိဘမဲ့ကလေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများအား ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရေတာရှည် မြို့နယ်၊ ဆွာမြို့၊ ဆွာမြောက်ပိုင်းရပ်ကွက်၊ ရှမ်းရွာရှိ မိဘမဲ့ကလေး စောင့်ရှောက်ရေး ဘုန်းတော်ကြီးကျောင်း၌ ဆန်နှင့်လှူဖွယ် ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ပဓါနနာယကဆရာတော် ဘဒ္ဓန္တကောဝိဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။ ထို့နောက် ရေတာရှည်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းလှိုင်ဝင်း၊ အမှတ်(၇၅) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်မှူးကြီးစိုးဝင်းနိုင်နှင့် ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းတို့မှ ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ် လှူဒါန်းခဲ့ပြီး YGW မိဘမဲ့ကလေးစောင့်ရှောက်ရေး ဘုန်းတော်ကြီးကျောင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းရှိ ရဟန်းသံဃာများနှင့် မိဘမဲ့ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရာ ရေတာရှည်တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းလှိုင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းတို့က ရင်းနှီးနွေးထွေးစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရေတာရှည်တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ တက်ရောက်ခဲ့ကြပြီး YGW မိဘမဲ့ကလေးစောင့်ရှောက်ရေး ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်-၂၂ အိတ်၊ ဆီ-၆၈ ပိဿာ၊ ကြက်ဥ-၉၁၀ လုံး၊ သွားတိုက်ဆေး/တံ-၁၅၆ စုံ၊ ဖူဆယ်ဘောလုံး-၁ လုံး၊ ရိုးရိုးဘောလုံး-၅လုံး၊ ကလေးပုခက်-၂ ခုအား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)