နတ်မောက် ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာရှိ တောင်သူအချို့သည် စိုက်ပျိုးရေးဦးစီးဌာန အခေါ်အဝေါ် တိုင်ထောင်ပဲများကို ရာသီမရွေး မြေအောက်ရေသွင်းခြင်းဖြင့် စိုက်ပျိုးကြရာ ယခုအခါ အသီးအပွင့်များ စတင်သီးပွင့်ပြီဖြစ်၍ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ရွာက တောင်သူတွေဟာ မိရိုးဖလာ နှမ်း၊ မြေပဲများအပြင် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များကို ရာသီမရွေး စိုက်ပျိုးကြပါတယ်၊ မိုးရာသီမှာ ရေသွင်းရန်မလိုသော်လည်း ခုလိုမိုးနှောင်းကာလမှာဆိုရင် မြေအောက်ရေသွင်းခြင်းဖြင့် စိုက်ပျိုးကြတာပေါ့ဗျာ၊ ခုဆိုရင် စိုက်ပျိုးထားတဲ့ တိုင်ထောင်ပဲများ စျေးကွက်သို့ တင်ပို့ရောင်းချနေရပါပြီ၊ တိုင်ထောင်ပဲမျိုးများကို စိုက်ပျိုးရေးအရောင်းဆိုင်များမှ အထုပ်၊ ဗူး အမျိုးမျိုးရှိသည့်အနက် တောင်သူအများစု စိုက်ပျိုးတာကတော့ မျှားနီတံဆိပ်ဗူးပဲဖြစ်ပါတယ်၊ ဗူးတစ်ဗူးကို (၆၅၀၀)ပေး ဝယ်ခဲ့ရပြီး မျိုးစေ့အရေအတွက် (၅၀၀)ခန့်ပါရှိကြောင်း မြေပြုပြင်ပြီး အတန်းလိုက် ဘောင်စနစ်ဖြင့် ရေသွင်း စိုက်ပျိုးခဲ့ပြီး အပင်ပေါက် (၁၀)ရက်သားအရွယ်တွင် အညွန့်များ ထွက်လာသဖြင့် ဝါးဖြင့်ပြုလုပ်ထားသော တိုင်အမြင့်တန်း အမြင့်ပေါ်သို့ အညွန့်များကိုတင်ပေးရကြောင်း အသီးအပွင့်များအတွက် အားဆေးများ အသုံးပြုရကြောင်း ထွက်ရှိလာသော တိုင်ထောင်ပဲသီးများကို မြို့မစျေးသို့ ရောင်းချလျက်ရှိပြီး လက်လီစျေးအနေနဲ့ကတော့ (၁၈၀၀)ရောင်းရပြီး လက်ကားစျေးကတော့ (၁၅၀၀)ရောင်းရပါတယ်၊ ရောင်းရငွေ အနေကတော့ တစ်ရက်ခြားကို (၁၀၀၀၀)ကျပ်ရပါတယ်၊ ဝင်ငွေလည်းရ မိသားစုမီးဖိုချောင်လည်းအဆင်ပြေတာပေါ့ ”ဟု တိုင်ထောင်ပဲ စိုက်ပျိုးသူက ပြောသည်။
မူမူစန်း