မင်းဘူး ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)ရှိ ကျောင်းသား/ကျောင်းသူများ ယာဉ်လမ်းစည်းကမ်းများကို သိရှိလိုက်နာပြီး ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒု-ရဲမှူးဆန်းဌေး နှင့်တပ်ဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများ ကျောင်းတက်၊ ကျောင်းဆင်း သွားလာရာတွင် ယာဉ်/လမ်းအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ထားသော စည်းကမ်းများအတိုင်း သွားလာနေထိုင်စေရေး ဆောင်ရန်/ရှောင်ရန်အချက်များ၊ အန္တရာယ်သတိပေး လမ်းညွှန်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ မော်တော်ဆိုင်ကယ်စီးသူများလိုက်နာရန် စည်းကမ်းချက်များ၊ ဦးစားပေးရမည့်ယာဉ်များ၊ ယာဉ်းမောင်းသူနှင့် ယာဉ်နောက်လိုက်ပါစီးနင်းသူများ လိုက်နာရအမည့် စည်းကမ်းသတ်မှတ်ချက်များကို အသိပညာပေးဟောပြောခဲ့ပြီးနောက် ဆရာ/ဆရာမများနှင့် တက်ရောက်သူ ကျောင်းသား/ ကျောင်းသူ ဦးရေ (၂၀၀) ကျော်အား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြသည်။
မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးအနေဖြင့် ကျောင်းများ၊ ဈေးများ၊ ကားဂိတ်များနှင့် လူစည်ကားရာ နေရာများတွင် ယာဉ်လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးတို့အတွက် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)