ဆင်ပေါင်ဝဲ ဒီဇင်ဘာလ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်လှိုင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက "ယခုလိုစကားဝိုင်းသည် လူငယ်တွေအသိပညာ ပိုမိုတိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာ၊ အတတ်ပညာ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း" စသည်ဖြင့် လူငယ်စကားဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်သူ(၆)ဦးတို့က လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ယဉ်ကျေးမှုအမွေအနှစ်၊ လူငယ်နှင့်ခေါင်းဆောင်မှုကဏ္ဍ အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်းနှင့် အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၄၀၀)ဦး တက်ရောက်ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှူကြကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)