ဆောမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ဆော စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့သော ထောက်ပံ့ ငွေများကို မြို့ပေါ် ရပ်ကွက်များမှ အခြေခံလူတန်းစားအိမ်ထောင်စု (၆၀၄) စုအား ယမန်နေ့က အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အိမ်ထောင်စု (၆၀၄) စုအတွက် ထောက်ပံ့ငွေ ကျပ် ၁၂,၀၈၀,၀၀၀ ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့ဝင်များ က ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆောမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၆၈) အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၃,၈၃၅)စုကို အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ ငွေကျပ် ၇၆,၇၀၀,၀၀၀ ကို တတိယအကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇော်မျိုးသန့်(ဆော)