ပဲခူး ဒီဇင်ဘာ ၈
ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ငှက်ပျောပင်မှထွက်ရှိသော ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကဏ္ဍကျဉ်းမြောင်းစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်ပူးပေါင်း၍ ပြည်သူများမိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဒေသထွက်ကုန်များအပေါ် အခြေခံပြီး ယခုလို အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူ/ သင်တန်းသားအနေဖြင့် ဒေသထွက်ကုန်ဖြစ်သော ငှက်ပျောပင်မှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများနှင့် တန်ဘိုးမြှင့်ထုတ်ကုန်ပစ္စည်းရရှိအောင် ဆောင်ရွက်ရန်ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးမျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သင်တန်းအတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် မြစိမ်းရောင်စီမံကိန်းအတွက် ငွေကျပ်သိန်း(၃၀၀)အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငှက်ပျောပင်မှထွက်ရှိသည့် ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းသင်တန်း လက်တွေ့သင်ကြားနေမှု၊ ငှက်ပျောပင်၊ ငှက်ပျောရွက်၊ အင်ရွက်၊ စလူရွက်နှင့်ကွမ်းပင်အဖတ်များဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ထားရှိမှုနှင့် အခြေခံစက်ချုပ်သင်တန်းတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)