ဘိုကလေး ဒီဇင်ဘာ ၇
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဖြစ်ပွားကြုံတွေ့ရမည့် အန္တရာယ်များအား ရင်ဆိုင်ဖြေရှင်းနိုင်ရေး၊ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိနိုင်စေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ ကျောင်းသား/သူ များအား ယနေ့နံနက်(၁၁)နာရီ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်က မိုးကြိုးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ရေဘေးဆိုင်ရာ များနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ဘေးအန္တရာယ် ကျရောက်ပြီးပါက လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား ပြည့်စုံစွာ ဟောပြောခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဝေငှ ပေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ အ.လ.က(ထော်ပိုင်)ကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူ များနှင့် ထော်ပိုင်ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)