ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် မြေပဲများ စတင်ခူးဆွတ်

ရှမ်းရွာသစ် ဒီဇင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြိို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် မြေပဲများ စတင်ခူးဆွတ် ရိပ်သိမ်းလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဝဉစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင် ဉယျာဉ်ခြံမြေစိုက်ပျိုးသည့်လုပ်ငန်းများအပြင် ဆီထွက်သီးနှံများဖြစ်သော မိုးနှောင်းနှမ်း၊ နေကြာနှင့်မြေပဲတို့ကို အဓိကထား လုပ်ကိုင်စိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပါးသော မြေပဲသီးနှံကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ပြည်တွင်း စားသုံးဆီဖူလုံစေရေး၊ စိုက်ပျိုးတောင်သူများ တစ်ဧကအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး၊ မျိုးကောင်း၊ မျိုးသန့်များ စနစ်တကျ စိစစ်ရွေးချယ်စိုက်ပျိုးနိုင်စေရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်စေရေးတို့အတွက် နှစ်စဉ်စိုက်ပျိုးကြကြောင်း၊     မြေပဲစိုက်ပျိုးရာတွင် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြပြီး အပွင့်မပွင့်မီနှင့် အပွင့်ပွင့် သီးကင်းလိုက်ချိန်တွင် ပိုးသတ်ဆေးများ၊ အားဆေးများ ပက်ဖျန်းရကြောင်း၊ ကုန်ကျစရိတ်သက်သာပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သည့်အတွက်ကြောင့် နှစ်စဉ်မြေပဲစိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးများရွာသွန်းမှုများပြားသည့်အတွက် မြေပဲအထွက်နှုန်းကျဆင်းကာ မြေပဲ ဆံများအရွယ်အစား အနည်းငယ်သေးကြောင်း၊ ယခင်နှစ်တွင်မြေပဲတစ်ပြည် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ ရရှိရာမှ ယခုနှစ်တွင် မြေပဲတစ်ပြည်(၁၂၀၀)ကျပ်ထိရရှိကြောင်း မြေပဲစိုက်ပျိုးသည့် ဒေသနေပြည်သူတစ် ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့တွင် မိုးမြေပဲစိုက်ဧက (၂၉)ဧကရှိရာ နှစ်စဉ်တော်သလင်းလမှစ၍ စတင်စိုက်ပျိုးကြ ပြီး ဒီဇင်ဘာလတွင် မြေပဲများစတင်ခူးဆွတ်ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း တောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများနှင့် နည်းပညာကူညီပံ့ပိုးပေးမှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)