ပိုင်ကျုံ ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု မူ(လွန်)မိုးနိုင်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် လှိုင်းဘွဲမြို့နယ်၊ ဒု-မြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးသည်အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် အကြောင်း အမှာစကား ပြောကြားပြီး အ.ထ.က ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် ရပ်ရွာဒေသအာဏာပိုင်များ၏ အခန်းကဏ္ဍများ၊ ဆရာ/မများ၏အခန်းကဏ္ဍများ၊ ကျောင်းသား/သူများအခန်းကဏ္ဍများကို ရှင်းလင်းအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်မြင်စွာဖြေဆိုနိုင်သည့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ တက္ကသိုလ်ဝင်းတန်းအဆင့်ရှိ ကျောင်းသား/သူများအား တာဝန်ရှိသူများမှဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မူ(လွန်)မိုးနိုင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသူများအား ကျေးဇူးတင်စကား ပြောကြားပြီး ကျောင်းသားလူငယ်များက တေးသီချင်း သရုပ်ဖော်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)