သံတောင်ကြီး ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်ပင်၊ ဝါးပင်များသည်သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိပြီး ကြက်ပေါင်သီးပင်များသည်လည်း သဘာဝအတိုင်း အလေ့အထပေါက်သည့် အပင်များဖြစ်သည်။ ကြက်ပေါင်သီးပင်များသည် ဥယျာဉ်ခြံများနှင့် တောတောင်များတွင် ပေါက်ရောက်ပြီး ယခုဒီဇင်ဘာလဒုတိယပတ်တွင် အသီးများရင့်လာပြီဖြစ်သည့် အတွက် ဒေသခံပြည်သူများက ဆွတ်ခူးရောင်းချလျက်ရှိကြရာ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အဆိုပါ ကြက်ပေါင်သီးများကို အသားဟင်းများနှင့်သော်လည်းကောင်း၊ ပုစွန်ငါးပိနှင့်ကြော်စား၍ သော်လည်းကောင်း၊ အခြောက်လှန်းကာအချဉ်ရည်အဖြစ် သောက်သုံးရာတွင်လည်းကောင်း အရသာကောင်းမွန်ပြီး ဆေးဖက်ဝင်ကာလူအများ ကြိုက်နှစ်သက်သည့် သီးနှံဖြစ်သည်။ ဒေသခံပြည်သူ များသည် ကြက်ပေါင်သီးများကိုခူးယူပြီး သံတောင်ကြီးမြို့ ပေါ်ရှိအသီးအနှံဝယ်ယူသူများထံတွင် လည်းကောင်း၊ တောင်ငူမြို့ရှိ ကြက်ပေါင်သီးဝယ်ယူသူများထသို့ တင်ပို့ရောင်းချပြီး ကြက်ပေါင်သီး တပိဿာလျှင် ကျပ် (၅၀၀) မှ ကျပ် (၇၀၀) ထိရရှိကြောင်း သိရသည်။
နော်နော်မူ