ပေါက်ခေါင်း ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော အမျိုးသမီးများအားအကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကိုကိုနိုင်က အမျိုးသမီးတွေအကြမ်းဖက်မှုများကြိုတင်ကာကွယ်ဖို့နှင့် လူကုန်ကူးခံရမှုအကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိဒေါ်စုစုလှိုင်က အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ သက်ငယ်မုဒိန်းမှုဖြစ်ပွါးရခြင်းအကြောင်းအရင်း၊ ဥပဒေအကြောင်းအရာနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်နွယ်နွယ်ဦးက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ်ရေး(၁၆)ရက်တာလှုပ်ရှားမှု နောက်ခံသမိုင်းကြောင်းနှင့် ဒုတိယဦးစီးမှူးဒေါ်ဂျမ်းဂျမ်းအေးက လူမှုဝန်ထမ်းဦးစီးဌာမှဝန်ဆောင်မှုပေးနေသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာမများနှင့်အမျိုးသမီး(၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကျား၊မ အခြေပြုအကြမ်းဖက်မှုအသိပညာပေးလက်လမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)