မြောင်းမြ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ယမန်နေ့က လယ်ယာသုံးစျေးတွင် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ လျှပ်စစ်ဌာန၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးကြိုးများ ကြံ့ခိုင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပြုပြင်ရန် လိုအပ်သည့် အချက်များအား လိုက်လံစစ်ဆေးခြင်း၊ အသိပညာပေး ပြောကြားခြင်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
မြောင်းမြမြို့ရှိ မြို့မစျေး အပါအဝင် စျေးများအတွင်း မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် စျေးကော်မတီများ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ စျေးသူ/စျေးသားများ တွေ့ဆုံဆွေးနွေး အစည်းအဝေး ပြုလုပ်ပြီး မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)