ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပန်းတောင်း   ဒီဇင်ဘာ  ၇

အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စွယ်တော် (အ.လ.က)ကျောင်းခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားမှူးဒေါ်စောမာလာက ယနေ့ခေတ်သည်တိုးတက်နေသောခေတ်ဖြစ်သဖြင့် ခေတ်နှင့်အညီရင်ဘောင်တန်းနိုင်အောင်အင်တာနက်၊ အီးမေးလ် စသည့်သတင်းအချက်နည်းပညာတို့တွင်လည်း ကျွမ်းကျင်မှုရှိရန်လေ့လာထားသင့်ကြောင်း၊ ခေါင်းဆောင်သည်မိမိ၏အားသာချက် အားနည်းချက်များကိုအမြဲသုံးသပ်ပြီး အားသာချက်များကိုပို၍ကောင်းအောင်၊ အားနည်းချက်များကို အားသာချက်ဖြစ်လာအောင်ဆင်ခြင်၍ ပြုပြင်သွားဖို့လိုအပ်ပါကြောင်း၊ ခေါင်းဆောင်သည်သူတစ်ပါးကိုဝေဖန်နိုင်သည့် ဉာဏ်ပညာအရည်အချင်းနှင့် သတ္တိရှိဖို့လိုသလို မိမိကိုယ်ကို ဝေဖန်လာလျှင်လည်း ခံနိုင်ရည်ရှိဖို့လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက လူငယ်နှင့်မျိုးချစ်စိတ်ကဏ္ဍခေါင်းစဉ်ဖြင့် နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရေး အထူးလိုအပ်ကြောင်းနှင့် လူငယ်လူရွယ်များ စိတ်ဓာတ်ရေးရာမြင့်မားပြီး မှန်ကန်သောလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစေလိုကြောင်းဟောပြောသည်။ ယင်းနောက်အားကစားမှူးဒေါ်စောမာလာက အားကစားသရုပ်ပြခြင်း၊ အားကစားပစ္စည်းများကို အားကစားမှူးက ကျောင်းဆရာကြီးဦးဆန်းကိုထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)