လက်ပံတန်းမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်

လက်ပံတန်း ဒီဇင်ဘာ ၇

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးသတိပြုရေး မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် ဈေးများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဈေးမီးဘေးလုံခြုံရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့မှ အပိုင်းအလိုက် စနစ်တကျ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဈေးကော်မတီအဖွဲ့နှင့် မီးသတ်ဦးစီးဌာနမှ ဈေးအတွင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မြို့မဈေးကြီးတွင် ယနေ့နံနက် ၁၀ နာရီ က ဆောင်ရွက်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာ၌ ပထမဦးစွာ Fire Point နေရာအား ဈေးမီးဘေးလုံခြုံရေးအဖွဲ့မှ DCP မီးသတ် ဆေးဗူးဖြင့် ကနဦးမီးငြှိမ်းသတ်ခြင်း၊ ဗဟိုမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်အုပ်စုများနှင့် အရန်မီးသတ်စခန်းများမှ ယာဉ်အုပ်စုများမှ ဈေးအဆောက်အဦပတ်ပတ်လည်ရှိ သတ်မှတ်နေရာများသို့ ရောက်ရှိနေရာယူကြ၍ Fire Point နေရာအား ပူးပေါင်းမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုခြင်းများကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်းကို လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးလင်းကျော် ဦးဆောင်၍ သန္ဓေ+အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးမီးဘေးလုံခြုံရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊  စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ဗဟိုမီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးသူဈေးသားများက ကြည့်ရှုအားပေးခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် အားသာချက် အားနည်းချက်များအား ဈေးတာဝန်ခံရုံး၌ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)