အ.ထ.ကသဲကုန်း၌ လူငယ်စကားဝိုင်းကျင်းပ

သဲကုန်း ဒီဇင်ဘာ ၇

ကျောင်းသား၊ ကျောင်းသူများ  ဗလငါးတန်  ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သဲကုန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းမှုဖြင့်  အ.ထ.ကသဲကုန်း သာဓုခန်းမ၌   ယမန်နေ့နံက် ၁၀ နာရီက  လူငယ်စကားဝိုင်းကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးယဉ်ထွေးက  အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်  ပတ်သက်၍ရှင်းလင်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်လာစေရန်နှင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ  ဗဟုသုတများပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်စသည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပခြင်းဖြစ်ကြောင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီးဦးကျော်မြင့်အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဝင့်နန္ဒာဌေး၊ မြို့နယ်၊ မြို့နယ်စာရေးဆရာအသင်းမှ ဦးထက်ပိုင်မင်း(ကိုပိုင်-သဲကုန်း)တို့မှဦးဆောင်၍ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် Grade-10 မအေးပြည့်စုံထွန်း၊  လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့် Grade-10 မှ မအေးမြတ်မြတ်သိမ့်ကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade-10 မှ မောင်ခင်မောင်ထွေးကလည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် Grade-10 မှ မောင်စိုင်းမင်းနောင်ကလည်းကောင်း၊ အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးပြောကြားမှု အကြောင်းအရာများအပေါ် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများကမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်၊ ပြန်/ဆက်