လေးမျက်နှာမြို့နယ်တွင် တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

လေးမျက်နှာ ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာအုပ်စု ရှမ်းရွာ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာ(၁)ရက်နေ့၌ တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင် ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများ တက်ရောက်သင်ကြားလျက်ရှိသည်။

တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ကြစေရန် ရည်ရွယ်၍ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပေးခဲ့ရာ သင်တန်းသို့ ကျေးရွာ ၆ရွာမှ စိတ်ပါဝင်စားသူ သင်တန်းသား(၃၀)ဦး တက်ရောက် သင်ကြားလျက်ရှိသည်။ သင်တန်းဆရာဦးမင်းရွှေမှ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ ဒီဇင်ဘာ(၁)ရက်နေ့မှ ဒီဇင်ဘာ(၃၀)ရက်နေ့အထိ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခါအားလျှော်စွာ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)