ပူတာအို စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာအုပ်စုအတွင်း တောင်သူများ လုပ်ကိုင်လျက်ရှိသော ဆန်ဒမ်းကွင်း(OSS)၊ မန်စေခွန်မြောက်ကွင်း(၁)၊ မန်စေခွန်တောင်ကွင်း (၂) လယ်ကွက်ပေါ်ရှိ စပါးစိုက်ခင်းအချို့တွင် ယခုလအတွင်းပိုးကျရောက်လျက်ရှိကြောင်း တောင်သူများ သတင်းပေးပို့လာမှုကြောင့် စိုက်ပျိုးရေးဦးစီးဌာန ၀န်ထမ်းများက အချိန်မီသွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မန်စေခွန်ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက(၂၀)ခန့်တွင် ပိုးကျရောက်လျက်ရှိသော စပါးစိုက်ခင်းများအား ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၀န်ထမ်းများ၊ မန်စေခွန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းအပါအ၀င် တောင်သူ(၅)ဦးတို့က လက်တွေ့ ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိချက်အရ လောင်မီးပိုးနှင့် ငမြှောင်တောင်ပိုး ကျရောက်မှုကြောင့် ဝါခြောက်ပြီးပျက်စီးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများသည် မန်စေခွန်ကျေးရွာအုပ်စု စာရေးနေအိမ်တွင် တောင်သူများနှင့်တွေ့ဆုံကာ ယခုလိုကိစ္စရပ်မျိုးမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ပိုးသတ်ဆေး ကိုင်တွယ်အသုံးပြုရာတွင် လိုက်နာရမည့် အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ကြပြီး ပိုးကျရောက်သည့် စပါးစိုက်ခင်းများအား အချိန်မီ ပက်ဖျန်းနိုင်ရန်နှင့် အခြားစိုက်ခင်းများသို့ ကူးစက်မှုမရှိစေရေးအတွက် လိုအပ်သည့် ပိုးသတ်ဆေးများလည်း ယာယီအကြွေးစနစ်ဖြင့် ရောင်းချပေး ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖုန်ကန်(ပြန်/ဆက်)