ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

ဒေးဒရဲ ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးသို့ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ငှားရမ်းပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် သုတစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် ကလေးများအတွက် ရုပ်ပြ၊ ပုံပြင်စာအုပ်များ စုံလင်စွာယူဆောင်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းခဲ့ရာ စာကြည့်တိုက်အသင်းဝင် (၇) ဦးအား သုတ (၅) အုပ်၊ ရသ (၇) အုပ်တို့ကို ငှားရမ်းပေးနိုင်ခဲ့ပြီး၊ ယခင်ငှားရမ်းထားသည့် သုတ၊ ရသ စာအုပ်စာစောင်များကို စနစ်တကျ ပြန်လည်သိမ်းဆည်းခဲ့ပြီး ငှားရမ်းထားသော စာအုပ်များကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အစားထိုးငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း