ဂန့်ဂေါ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိ သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဂန့်ဂေါခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ခေါက်ခူကျေးရွာ၊ ပန်းထိပ်ကျေးရွာနှင့် မင်းရွာကျေးရွာတို့တွင် ကွင်းဆင်း၍ အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာကြ ရန်၊ နေအိမ်ပြင်ပထွက်ခွါလျှင် ပါးစပ်နှင့်နှာခေါင်းစည်း များကို မဖြစ်မနေတပ်ဆင်ကြရန်၊ မိုးရာသီတွင် ဖြစ်ပွားလေ့ရှိ သည့် မိုးကြိုး ဘေးနှင့် လေပြင်းဘေး အန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိနေသောကျေးရွာများသို့လည်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂန့်ဂေါ ခရိုင် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်ထံမှ သိရသည်။
ထို့ပြင် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် မိုးကြိုးဘေး၊ လေပြင်းဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်နိုင်ရေး အသိပေး လက်ကမ်း စာစောင်များကိုလည်း ကျေးရွာနေပြည်သူများ၏ နေအိမ်အရောက် ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)