နတ်မောက် ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” ကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးသန်းထိုက်က အဖွင့်အမှာစကားပြောပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က “ လူငယ်စကားဝိုင်း” ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိဉာဏ်ပညာဗဟုသုတပိုမိုရရှိစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝစေရန်၊ ဉာဏ်ပညာကြီးမားပြီး အတွေးအခေါ်မျှတသည့် လူငယ်များဖြစ်လာစေရန်၊ စာပေမြင့်မှလူမျိုးတင့်မည်၊ စာပေပျောက်က လူမျိုးပါပျောက်ပါကြောင်း၊ ဒါကြောင့် အနာဂတ်၏သားကောင်းရတနာများ စာဖတ်စွမ်းရည်မြင့်မားစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး Moderator အဖြစ်ဆောင်ရွက်၍ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူ (၆)ဦးဖြင့် ဆွေးနွေးခဲ့ရာ Grade 11 ကျောင်းသူ မကေခိုင်ဖြိုးက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး Grade 11 ကျောင်းသား မောင်ဖြိုးထက်လှိုင် က “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Grade 10 ကျောင်းသူ မချမ်းအေးသူက “လူငယ်နှင့်စာအုပ်စာပေ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ Grade 10 ကျောင်းသား မောင်လူလူမောင်က “လူငယ်နှင့်စူးစမ်းလေ့လာမှု” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ Grade 11 ကျောင်းသား မောင်မျိုးသီဟစိုးမှ “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး Grade 10 ကျောင်းသူ မရွှေရည်ဖူးက “လူငယ်နှင့်အကျင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ လူငယ်များအနေဖြင့် အကျင့်စာရိတ္တပိုင်းသည်လည်း အရေးကြီးတဲ့ ကဏ္ဍဖြစ်ပါကြောင်း၊ စာပေပညာတွင် မည်မျှပင်တော်နေပါစေ စာရိတ္တညံ့ဖျင်းပါက လူရာမဝင်နိုင်ပါကြောင်းတို့ကို ဆွေးနွေးခဲ့သည်။
လှဝင်း