လှိုင်းဘွဲ ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတများ အလွယ်တကူလေ့လာဖတ်ရှုနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ် ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက မီးသတ်ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိအားလပ်ချိန်တွင် ဗဟုသုတရရှိစေရန်အတွက် စာပေလေ့လာဖတ်ရှုခြင်း၊ အသိပညာဗဟုသုတများသည် မိမိဘဝအောင်မြင်မှုကို မြှင့်တင်ပေးခြင်း၊ စာပေမှရရှိလာသည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး ခေါင်းဆောင်ကောင်းတို့၏ လုပ်ငန်းတာဝန်များ၊ အောင်မြင်သူ၊ ကမ္ဘာကျော် ပုဂ္ဂိုလ်များ ၏ အတ္ထုပ္ပတ္တိများ၊ စိုက်ပျိုးရေး၊မွေးမြူရေး ဆိုင်ရာများ စသည့် သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်း စာအုပ်များ၊ ဂျာနယ်များ ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)