ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အလုပ်ပြန်လည်ဝင်ရောက်သည့် ဆရာ၊ဆရာမ(၉၃)အား ထောက်ပံ့ငွေပေးအပ်

ဘားအံ ဒီဇင်ဘာ ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက် ကွက်ခဲ့ပြီး အယူခံဖြင့် အလုပ်ပြန်လည်ဝင်ရောက်လာသော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ(၉၃)ဦးအား ယမန်နေ့နံနက်၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယခုအလုပ်ပြန်လည်ဝင်ရောက်ကြသည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏တပည့်သားသမီးများကို ဆရာ့ဝတ်ငါးပါးနှင့်အညီ ကြိုးစားသင်ကြား ပေးကြဖို့လိုကြောင်း၊ မြန်မာ့ပညာရေးရည်မှန်းချက်ဖြစ်သည့် မျက်မှောက်ကာလဖြစ်သောပညာ ခေတ်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနိုင်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခုဖြစ်ထွန်းလာစေရန် ဆိုသည့်ရည်မှန်းချက်နှင့်အညီ သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ဘဲ ပညာရေး၏ရည်မှန်ချက်ပြည့်ဝအောင် ကြိုးစားဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အကြောင်းအမျိုးမျိုးကြောင့်ခွင့်မဲ့ပျက်ကွက်ခဲ့ပြီး အယူခံဖြင့် အလုပ်ပြန်လည်ဝင်ရောက်လာသော ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ(၉၃)ဦးအား ထောက်ပံ့ငွေကျပ် တစ်ဆယ့်ရှစ်သိန်းခြောက်သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများ ကိုယ်စား ဆရာမတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အကြောင်းအမျိုးမျိုးကြောင့်ခွင့်မဲ့ပျက်ကွက်ခဲ့ပြီး အယူခံဖြင့် အလုပ်ပြန်လည်ဝင်ရောက်လာသော ပညာရေးဝန်ထမ်း ဆရာ၊ဆရာမများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီးအကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ခဲ့ပြီး အလုပ်ပြန်လည်ဝင်ရောက် လာသော ဆရာ၊ ဆရာမ ၂၆၅ ဦးအား ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ပင် ပထမအကြိမ်အနေဖြင့် ဆုံးမဩဝါဒစကားများ ပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ယခုအခါ ကရင်ပြည်နယ်အတွင်း အလုပ်ပြန်လည် ဝင်ရောက်သည့်ဆရာ၊ဆရာမဦးရေ ၃၅၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)