ညောင်လေးပင် ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာ အသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တပ်မတော်ရပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်းမှ ကျောင်းသားလူငယ်များ စာဖတ်ခြင်းကို ပိုမိုစိတ်ဝင်စားလာစေရန်နှင့် စာဖတ်ခြင်းအလေ့အထများ ပိုမိုများပြားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများအားဟောပြောခဲ့ပြီး အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မွန်းမှ လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည်အခြားလူတစ်ဦးကို ပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုးပြုလုပ်ခိုင်းခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းစသည့် လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများအားအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွေးမှ စားသုံးသူရေးရာနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သတ်သော အကြောင်းအရာများ၊ စားသုံးရန်မသင့်သော အန္တရာယ်ရှိ ဆိုးဆေးများအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်အသိပညာပေးဟောပြောပွဲသို့ ညောင်လေးပင်မြို့နယ်စခန်းမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြသထားသောနံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်