တောင်တွင်းကြီး ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်နှင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေးအနှစ်သာရများ၊ လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် ဗဟုသုတများအား လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲသို့ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၃)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် မြို့နယ်အတွင်း အထင်ကရမှတ်တမ်းဓာတ်ပုံများ၊ ပြတိုက်ငယ် (Mini Museum)၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ “အသိပညာဗဟုသုတကြွယ်ဝဖို့ စာပေလေ့လာဖတ်ရှု့စို့” အသိပညာပေးနံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)