မြိတ်မြို့နယ်တွင် ဆင်းသုခမိုးစပါးစံကွက် ရိတ်သိမ်းချွေလှေ့စက်ဖြင့်ရိတ်သိမ်း၊ တစ်ဧက စပါးအစို (၁၃၅)တင်းထွက်ရှိ

မြိတ် ဒီဇင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုးမိုးစပါးများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် မိုးစပါးစိုက်ဧရိယာများ၏အထွက်နှုန်းကို စနစ်တကျမှတ်တမ်းတင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာ ကွင်းအမှတ်(၂၆၅)ရှိ အကျိုးဆောင်တောင်သူ ဦးချမ်းအေး၏ ဆင်းသုခမိုးစပါးစိုက်ခင်းတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီနှင့် တောင်သူများမှ ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြသည်။

“စံကွက်ရိတ်သိမ်းတာက (၂၀၂၂)ခုနှစ် မြိတ်မြို့နယ်ရဲ့ မိုးစပါးအထွက်နှုန်း စနစ်တကျ မှတ်တမ်းတင်နိုင်ဖို့ ရိတ်သိမ်းတာဖြစ်ပါတယ်။ တစ်ဧကအထွက်နှုန်းအနေနဲ့ စပါးအစိုတင်း (၁၃၅)တင်းထွက်ရှိပြီး အခြောက်တင်းအနေနဲ့ တင်း(၁၂၀)ထွက်ရှိပါတယ်။ စံကွက်ရိတ်သိမ်းတာက (၆၆)ပေပတ်လည် တစ်ဧကရဲ့(၁၀)ပုံ(၁)ပုံ စံကွက်ကြီးအနေနဲ့ ရိတ်သိမ်းချွေလှေ့စက်နဲ့ ရိတ်တာဖြစ်ပါတယ်။ မိုးစပါးစံကွက်အနေနဲ့ တစ်မြို့နယ်လုံးမှာ (၆၆)ပေပတ်လည်ရှိတဲ့ စံကွက်အကြီး(၃၀)ကွက်၊ (၆.၆)ပေပတ်လည် စံကွက်အငယ်က အကွက်(၂၂၄)ရှိပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်စိုးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ရိတ်သိမ်းချွေလှေ့စက်(၆)စီးကို မြိတ်မြို့နယ်မှဝယ်ယူထားရှိပြီး တောင်သူများမှ စပါးရိတ်သိမ်းချွေလေ့ရာတွင် ယခင်နှစ်တွေကထက် ပိုမိုအဆင်ပြေစွာ ရိတ်သိမ်းချွေလှေ့ဆောင်ရွက်နိုင်ပြီး ရိတ်သိမ်းကုန်ကျစရိတ်သက်သာလာ၍ အချိန်ခါမီရိတ်သိမ်းလာနိုင်ကြကြောင်း၊ တောင်သူများအနေဖြင့် စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် ယခင်က လူနှင့် ကျွဲ၊ နွား တို့ဖြင့် ရိတ်သိမ်းချွေလှေ့ရာမှ လက်ရှိအချိန်၌ ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းလာကြကာ မြိတ်မြို့နယ်တွင် ရိတ်သိမ်းချွေလှေ့စက်အစီးရေ(၁၉)စီး ရှိလာခဲ့ပြီဖြစ်ပြီကြောင်း သိရသည်။

မိုးစပါးစံကွက်တွင် ရိတ်သိမ်းချွေလှေ့စက်ဖြင့်ရိတ်သိမ်းရာ၌ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးကော်မတီနှင့် တောင်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး စံကွက်တစ်ဧကအထွက်နှုန်း စပါးအစိုတင်း(၁၃၅)တင်းထွက်ရှိခဲ့ကြောင်း၊ မြိတ်မြို့နယ်တွင် ယခုနှစ် မိုးစပါးရာသီ၌ စပါးစိုက်ပျိုးသည့်ဧက စုစုပေါင်း(၄၂၄၇၆)ဧကရှိ၍ နိုဝင်ဘာလကုန်အထိ စံကွက်ရိတ်သိမ်းမှုမှတ်တမ်းများအရ ပျှမ်းမျှတစ်ဧကအထွက်နှုန်းအနေဖြင့် (၇၃)တင်းကျော်ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)