မြန်မာ့စီးပွားဘဏ် (ထားဝယ်ဘဏ်ခွဲ) က ပင်စင်လစာများကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပေး

ထားဝယ်၊ စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မြန်မာ့စီးပွားဘဏ် (ထားဝယ်ဘဏ်ခွဲ) တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရေးကို ရည်ရွယ်ပြီး ပင်စင်ထုတ်ပေးနေကျကာလအတွင်း ပင်စင်ထုတ်ယူရေးအဆင်ပြေစေရန် ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊  မြန်မာ့စီးပွားဘဏ်အနီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပင်စင်လစာများကို ထုတ်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်စေပြီး ယနေ့တွင် အငြိမ်းစားဝန်ထမ်း (၉၁၆) ဦးအား ပင်စင်လစာထုတ်ပေးပြီးဖြစ်ကြောင်း ဘဏ်မန်နေဂျာ ဒေါ်ခင်သန္ထာဆင့်ထံမှ သိရသည်။
မြန်မာ့စီးပွားရေးဘဏ်တွင် လာရောက်ထုတ်ယူသော ပင်စင်စားများကို မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)