ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်ခင်းများ စတင်ရိတ်သိမ်းလျက်ရှိပြီး ဒေသခံတောင်သူများ ယခင်နှစ်ကထက် စပါးဈေးကောင်းရရှိ

ပွင့်ဖြူ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်ခင်းများမှာ ယခုအခါ အသီးများ ရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ယခုလ ပထမပတ်မှ စတင်ကာ ရိတ်သိမ်းခြွေလှေ့လျက်ရှိကြောင်း သိရကာ ထိုသို့ မိုးစပါးစိုက်ခင်းများ ရိတ်သိမ်း ခြွေလှေ့ချိန် ယခင်နှစ်ကထက် စပါးဈေးကောင်းရရှိသဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး တစ်မြို့နယ်လုံး မိုးစပါးစိုက်ဧက ၆၉၀၉၄ ဧက လျာထားစိုက်ပျိုးခဲ့ရာတွင် မြေပြင်စိုက်ဧက ၆၉၆၄၅ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ် လျာထားဧကထက် ၅၅၁ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ ဒေသခံတောင်သူများ စိုက်ပျိုးခဲ့သည့် မိုးစပါး စိုက်ခင်းများမှာ အသီးများရင့်မှည့်လာပြီဖြစ်၍ ဆောင်းသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်း ခြွေလှေ့နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

"ကျွန်တော်တို့ ဒေသမှာ မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး စိုက်ပျိုးခဲ့တဲ့ မိုးစပါးစိုက်ခင်းတွေ ခုလကစပြီး စတင်ရိတ်သိမ်းခြွေလှေ့နေကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ အဓိကစိုက်ပျိုးတဲ့ စပါးတွေကတော့ ဧရာမင်း၊ ပခန်း ရွှေဝါ၊ ရတနာတိုး၊ ဆင်းသုခ၊ ပေါ်ဆန်းရင်၊ သီးထပ်ရင်၊ ချမ်းမြေ့မေ ၊ မနောသုခ စပါးမျိုးများကို စိုက်ပျိုးတာဖြစ်ပြီ အများဆုံးစိုက်ပျိုးတဲ့စပါးကတော့ ဧရာပဒေသာစပါးကို စိုက်ပျိုးကြပါတယ်။ မိုးစပါးသီးနှံစိုက်ပျိုးရာတွင်လည်း ကျွန်တော်တို့ တောင်သူတွေ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်တဲ့ အခြေခံစိုက်ပျိုးရေးနည်းပညာတွေကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက အသိပညာပေးလုပ်ငန်းတွေ လယ်ယာမြေ စိုက်ခင်းအရောက် ကွင်းဆင်းပြီး ကူညီဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် နိုင်ငံတော်အစိုးရကလည်း ယူရီးယားဓာတ်မြေ ဩဇာအိတ်များကို သက်သာသောဈေးနှုန်းနဲ့ ဖြန့်ဖြူး ရောင်းချပေးတဲ့အတွက် မိုးစပါးစိုက်ပျိုးရေးအတွက် အားလုံး အဆင်ပြေပါတယ်ဗျာ့။ စပါးအထွက်နှုန်းကတော့ တစ်ဧကကို ပျမ်းမျှ တင်းရေ ၈၇ တင်းလောက် ထွက်ရှိပါတယ်။ တစ်ချို့ကျတော့လည်း တစ်ဧကကို တင်း ၁၀၀ အထက် ထွက်ကြတယ်။ စပါးဈေးကလည်း ပေါ်ဦးပေါ်ဖျားမှာကို တစ်တင်းကို ငွေကျပ် (၁၂၀၀၀၊ ၁၃၀၀၀) ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က ခုလို စပါးပေါ်ချိန်မှာ တစ်တင်းကို ငွေကျပ် (၈၀၀၀၊ ၁၀၀၀၀)ဈေးလောက်ပဲ အရောင်းအဝယ်ဖြစ်တယ်။ ဒီနှစ်တော့ စပါးဈေးက ပြီးခဲ့တဲ့နှစ်ကထက် ဈေးပိုရလို့ တောင်သူတွေ လုပ်ငန်းအဆင်ပြေကြပါတယ်။ နောက်ပြီး ဆန်ဆိုရင်လည်း ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ကထွက်ရှိတဲ့ ဧရာပဒေသာဆန်ဟာ လူကြိုက်များပြီး ဈေးကွက်မှာ အရောင်းသွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆန်စပါးစိုက်ဧက အများဆုံးစိုက်ပျိုးနိုင်သည့် မြို့နယ်တစ်ခုဖြစ်၍ ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာဖူလုံစေရေးအတွက် ဒေသခံတောင်သူများက နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးနှင့် နွေစပါးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)