သရက်ချောင်းမြို့နယ်တွင် ရေဘေးသင့်၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၅) အိမ်အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

သရက်ချောင်း၊ စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ၌ ရေဘေးသင့်၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၅) အိမ်အား ထောက်ပံ့ငွေများနှင့် ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် အိမ်ဆောက်ပစ္စည်းတန်ဖိုးအတွက် တစ်အိမ် (၅၀၀၀၀) ကျပ်နှုန်းဖြင့် (၂၅၀၀၀၀) ကျပ်နှင့် လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၄၁၀၀) ကျပ် စုစုပေါင်း (၂၉၄၁၀၀) ကျပ်ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလည်းကောင်း၊ (Family Kit)တစ်အိမ် (၁)စုံနှုန်းဖြင့် (၅) အိမ်အတွက် (၅) စုံကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ခံ ဦးမြတ်ကိုကိုက လည်းကောင်းပေးအပ်ခဲ့ရာ အိမ်ပိုင်ရှင်များက လက်ခံရယူခဲ့ကြပါသည်။
အဆိုပါ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ လိုက်ပါခဲ့ ကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)